နွေရာသီမှာ အသည်းရောဂါရှိသူတွေ ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲ
အသည်းဆိုတာက ခန္ဓာကိုယ်မှာ အရေးအပါဆုံးနဲ့ အလုပ်အများဆုံး အစိတ်အပိုင်းပါ။ ကျန်းမာဖို့ လုပ်ဆောင်ပေးသလို သွေးထဲက အဆိပ်တွေကု ဖယ်ရှားပေးပါတယ်။ သွေးတိတ်စေဖို့နဲ့ သွေးတွင်းသကြားဓာတ် ထိန်းတာကိုပါ မကျန် လုပ်ဆောင်ပေးပါသေးတယ်။
ဒီလိုအလုပ်တာဝန်များစွာ ယူထားတဲ့ အသည်းက မကျန်းမာဘူးဆိုရင် အတော်လေး နေရထိုင်ရ ခက်မှာပါ။ ဒီလို အသည်းကျန်းမာရေး မကောင်းတဲ့သူတွေအနေနဲ့ ပူပြင်းတဲ့နွေရာသီကို ဘယ်လိုများ ကျန်းကျန်းမာမာ ဖြတ်သန်းကြမလဲဆိုတာတွေးပြီးပြီလား? မတွေးထားရသေးဘူးဆိုရင် မတွေးနေပါနဲ့တော့ စာလေးကိုပဲ ဆုံးအောင် ဖတ်လိုက်ပါတော့လို့ အကြံပြုချင်ပါတယ်။
ပူပြင်းတဲ့နွေရာသီမှာ အသည်းရောဂါရှိသူတွေအနေနဲ့ ကျန်းမာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။
ရေသောက်ပါ - ရေဓာတ်ပြည့်ဝမှုက အသည်းကို ဂရုစိုက်တာပါပဲ။ ရေဓာတ်နည်းနေပြီဆိုရင် အသည်းက ပုံမှန်အတိုင်း သူ့အလုပ်တွေကို လုပ်ဆောင်ဖို့ ခက်သွားမှာပါ။ ဒါကြောင့် ရေများများသောက်ပါ။ ရေနွေးကြမ်းကိုလည်း သောက်ပေးလို့ ရပါတယ်။ ပူနေချိန်မှာ ရေကို ၁၀ ခွက်လောက် အနည်းဆုံး သောက်ပေးပါ။
အာဟာရပြည့်ဝမျှတအောင် စားပါ - အဆီများ၊ အငန်ကဲ၊ အချိုများတာတွေက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ များများစားပါ။ အသင့်စား အမြန်စားတွေကို ရှောင်ပါ။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ - ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက အသည်းကို ကျန်းမာစေနိုင်ပါတယ်။ အသည်းရောဂါ ရှိမယ်ဆိုရင်လည်း ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်ပေးပါ။ လမ်းလျှောက်တာ၊ ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို မိနစ် ၁၅၀ လောက် လုပ်ပေးရင်ကို လုံလောက်ပါတယ်။
ဆိုးဆေးပါတာတွေ မစားပါနဲ့ - ဆိုးဆေးပါတဲ့ အစားအစာတွေက ပုံမှန်အတိုင်းဆိုရင်တောင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းရောဂါ ရှိမယ်ဆိုရင်တော့ ဆိုးဆေးပါတာတွေကိ လုံးဝရှောင်ဖို့ လိုပါမယ်။
အရက် - အရက် နဲ့ အရက်ပါတဲ့ သောက်စရာတွေက အသည်းကို ထိခိုက်စေနိုင်သလို နေပူနေချိန်မှာဆိုရင်လည်း ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူနေချိန်မှာ အရက် နဲ့ အရက်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။
အိပ်ရေးဝဝ အိပ်ပါ - အိပ်ရေးဝဝ အိပ်တာက အသည်း ကျန်းမာစေဖို့ရော ခန္ဓာကိုယ်ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အသည်းရောဂါ ရှိမယ်ဆိုရင် ပုံမှန်လူတွေထက် အိပ်ရေးဝဝ အိပ်ဖြစ်အောင် ဂရုစိုက်ပေးပါ။
ကိုယ်အလေးချိန် ထိန်းပါ - အဝလွန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက အသည်းကျန်းမာရေးကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပါ။
ဖြည့်စွက်အာဟာရ တစ်ခုခု မှီဝဲပါ- အသည်းက မကျန်းမာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ဖြည့်စွက်အာဟာရ တစ်ခုခု မှီဝဲပါ။ ဒီလို မှီဝဲပေးတာက အသည်းကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။
ဆေးမှန်မှန်သောက်ပါ - အသည်းကျန်းမာရေးကြောင့် သောက်ရမယ့် ဆေးတွေ ရှိမယ်ဆိုရင်လည်း ဆေးပမာဏ မှန်မှန်ကို အချိန် မှန်မှန်လေး သောက်ပေးပါ။
ကျန်းမာရေး စောင့်ရှောက်မှု ခံယူပါ - လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရယူပါ။ နွေရသီလို ပူပြင်းချိန်မှာ ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။
အသည်းမကျန်းမာပေမယ့်လည်း နွေရာသီမှာ ကျန်းမာနေစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။
မွန်မွန်